Friday, August 8, 2014

" ရေ ကြီးရင် သတိထား ကြပါ " "ရေထဲ လျှပ်စစ်များ စီးဆင်းနေ အမေရော သားရောသေ"



၇.၈.၂ဝ၁၂ နံနက် (၆းဝဝ) နာရီခန့်တွင် သားဖြစ်သူ မောင်ခန့်ဝင်းအောင်သည် ကျောင်းသွားရန် အတွက် နေအိမ်၏ အရှေ့ဘက်အနီးတွင်ရှိသော ရေဖုံးလွှမ်းနေသော အမှတ် ၄ဝ၊ ဈေးစည်ပင်ရုံး အဆောက်အဦးဘေးသို့ ဒူးဆစ်ခန့်မြုပ် နေသောရေကို ဖြတ်လျှောက်သွားစဉ် မိခင်ဖြစ်သူ မဥမ္မာသန်းသည်လည်း နေအိမ်တွင် စားဝတ်နေရေးအတွက် ဈေးအတွင်းသို့ သပြေပန်းရောင်းရန် သပြေခက်များအား စုစည်းသန့်စင်မှုပြုလုပ်နေစဉ် သားဖြစ်သူ မောင်ခန့်ဝင်းအောင်၏ အော်သံကိုကြားရှိကာ သားကျောင်းသွားရာလမ်းသို့ တရှိန်ထိုးသွားရောက်ကာ ကြည့်ရှုလိုက်စဉ် မောင်ခန့် ဝင်းအောင် အသက် (၁၃) နှစ် ရေနစ်နေသည် ဟုထင်၍ သား၏အသက်အား ကယ်တင်နိုင်ရန်အတွက် ရေထဲသို့အဆင်း မဥမ္မာသန်း အသက် (၃၈) နှစ်သည်လည်း သားအနီးသို့အရောက် အော်ဟစ်၍ ရေထဲသို့ လဲကျသွားပြန်တော့သည်။

ထိုစဉ် ခင်ပွန်းဖြစ်သူ ဦးဝင်းဆွေသည်လည်း ဈေးညစောင့် တာဝန်ပြီးစီး၍ နေအိမ်တွင် ပြန်လည် အနားယူနေခိုက် ဇနီးနှင့်သားတို့၏ မခံမရပ်နိုင်အောင် အော်ဟစ်လိုက်သော အသံများကို ကြားသိသောအခါ သားဇော၊ မယားဇောတို့ဖြင့် ဇနီးဖြစ်သူနှင့် သားဖြစ်သူတို့အော်ဟစ် နေသော ရေအိုင်ထဲသို့ တရှိန်ထိုး ပြေးဆင်းတော့မည့်အခိုက်တွင် ဈေးအတွင်း၌ စားဝတ်နေရေးအတွက် ထမင်းကြော်ရောင်းနေသော ဈေးသည်တစ်ဦးမှ “မဆင်းနဲ့ … မဆင်းနဲ့ … ဓါတ်လိုက်နေတာ” ဟု အတင်းအကြပ်အော်ဟစ် တားမြစ်မှုကြောင့် ဇနီးဖြစ်သူ မဥမ္မာသန်းနှင့် သားဖြစ်သူ မောင်ခန့်ဝင်းအောင်တို့ သည် မိမိမျက်စိရှေ့မှောက်တွင် ငြိမ်သက်သွားသည်အထိ ရင်နင့်စွာဖြင့် ခံစားကြည့်ရှု နေရတော့သည်။

ပတ်ဝန်းကျင်မှလည်း မည်သို့မှ အသက်နှစ်ချောင်းကို မကယ်တင်နိုင်ခဲ့တော့ချေ။ မြို့နယ်လျှပ်စစ်ရုံးမှ လာရောက်၍ စစ်ဆေးကြည့်ရှုသည့်အခါ စည်ပင်ရုံးဘေးတွင်ရှိ ဓါတ်မီးတိုင်အား လဲမကျသွားစေရန် ထိန်းထားသော ဆိုင်းကြိုးမှတဆင့် လျှပ်စစ်များဝင်ရောက်၍ ရေထဲသို့ လျှပ်စစ်များစီးဆင်းနေမှုကို တွေ့မြင် ရတော့သည်။ ဘဝတစ်ပါးသို့ ပြောင်းသွားသော မဥမ္မာသန်းနှင့် မောင်ခန့်ဝင်းအောင်တို့၏ ရုပ်အလောင်း အား မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်မှုပြုလုပ်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဆက်သွယ် အကြောင်းကြားလာခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ နှင့် ဝန်ထမ်းများတို့သည် ကွယ်လွန်သွားသော ရုပ်အလောင်းများ သယ်ဆောင်ရန်အတွက် နိဗ္ဗာန်ယာဉ် (၂) စီး ဖြင့် သွားရောက်ကူညီဖေးမ၍ မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

TUN MIN LATT

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More